• No results found

Rohingya Crisis by Nyein Chan Aye 18 Aug 2012 Updated with comments reply

N/A
N/A
Protected

Academic year: 2021

Share "Rohingya Crisis by Nyein Chan Aye 18 Aug 2012 Updated with comments reply"

Copied!
33
0
0

Loading.... (view fulltext now)

Full text

(1)

ရိုဟင်ဂျာ ပြဿနာ Rohingya Crisis

ဆွေးနွေးတင်ပြသူ - ငြိမ်းချမ်းအေး

ဆက်သွယ်ရန်: [email protected]

ရိုဟင်ဂျာ ပြဿနာ အကျပ်အတည်း နှင့် အခြား ဆက်စပ်နေသော အကြောင်းအရာ အခြေအနေများ

အပေါ် ကိုယ်ပိုင် အမြင် နဲ့ အကြံပြုချက်များ

(Personal Views and Recommendations on Rohingyar Crisis and Other Related Matters

by Nyein Chan Aye)

နောက်ခံ အခြေအနေ (Background)

ရိုဟင်ဂျာ ပြဿနာ လို့ ခေါင်းစဉ် တပ်လိုက်တော့ ဒီ စာဖတ်ဖြစ်သူအားလုံး မျက်ခုံးတွေ ပင့်သွားကြမယ်ထင်ပါတယ်။ စာဖတ်သူတွေကို ပထမဦးဆုံး သိစေချင်တာကတော့ စာရေးသူဟာ အရင် စစ်အစိုးရ ခေတ် ကတည်းက ဒီလို အွန်လိုင်းမှာ မိမိ အမြင်တွေ တင်ပြ ဖလှယ်လေ့ရှိပေမယ့် ဘယ်တုန်းကမှ ရိုဟင်ဂျာပြဿနာကို ရှေ့တန်းတင် ဦးတိုက်ပြီး ပြောလေ့ မရှိခဲ့ဖူးဘူး ဆိုတာပါ။ အကြောင်းက စစ်အစိုးရခေတ်တလျှောက်လုံး မှာ လူများစု မြန်မာ အပါအဝင် အခြား လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေ၊ လူမျိုးကွဲ/ဘာသာခြား နိုင်ငံသားအားလုံးဟာ ဖိနှိပ်မှု၊ မတရားမှုတွေရဲ့ ဒဏ်ကို စစ်ဖိနပ် အောက်မှာ ပြားပြားဝပ် အားလုံး တန်းတူ ခံစားနေရလို့ အုပ်စု တစုကို အခြေပြုတဲ့ ဘယ်သူ့ အကြောင်းမှ သီးသန့် အလေးထား ပြောဖို့မလို၊ စနစ်ဆိုးအကြောင်းသာ ထောက်ပြဖို့လိုတယ်လို့ ယူဆလို့ဖြစ်ပါတယ်။ လူနည်းစု

(2)

တိုင်းရင်းသားတွေနဲ့ လူမျိုးကွဲ/ဘာသာခြား တွေ ဟာ နယ်စပ်ဒေသတွေနဲ့ ပဋိပက္ခ နယ်မြေတွေမှာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ပို ခံကောင်း ခံ ရတယ်ဆိုနိုင်ပေမယ့် တုံးအောက်က ဖားချင်း အတူတူချည်းပဲလို့ ယူဆတဲ့ အတွက် ယေဘုယျ သဘောဆောင်တဲ့ အကြောင်းတွေကိုပဲ အရင်တုန်းက ပြောလေ့ ဆွေးနွေးလေ့ရှိခဲ့ပါတယ်။ ခု ခေတ်စနစ် ပြောင်းပြီလို့ ဆိုနိုင်တဲ့ အချိန်ရောက်တော့လည်း ရိုဟင်ဂျာ ပြဿနာကို စပြောဖို့ ဆိုဖို့ စိတ်ကူးမရှိခဲ့ပါ။ အကြောင်းက စာရေးသူ တဦးတည်း သဘော နိုင်ငံရေး ခံယူချက် အမြင် အရ အခြေခံကျကျ ခေတ်ပြောင်းခဲ့တယ်လို့ မယုံကြည်လို့ရယ်၊ အပေါ်ယံ ခေတ်ပြောင်းပြီ ဆိုစေအုံး.. စနစ်ဆိုး၊ အကျင့်ဟောင်းတွေ ပြောင်းဖို့ အုပ်ချုပ်သူ အစိုးရ အပါအဝင် လူတန်းစား အသီးသီး နဲ့ သာမန် ပြည်သူလူထုရဲ့ အတွေးအခေါ်၊ အယူအဆဟောင်းတွေ ပြောင်းဖို့က အချိန်ယူရအုံးမယ်ဆိုတာ နားလည်လို့ရယ်၊ တကယ်လို့ ခု စ ပြောစရာရှိရင် ရိုဟင်ဂျာတွေ နည်းတူ အိမ်နီးချင်း နိုင်ငံတွေ နဲ့ ကမ္ဘာတဝှမ်း မှာ နိုင်ငံမဲ့ ဒုက္ခသည် အနေနဲ့ ရောက်နေတဲ့ အခြား တိုင်းရင်းသားတွေကိစ္စ ဖြေရှင်းဖို့ လိုတဲ့ အကြောင်းသာ အရင်ပြော ဖို့လိုပြီး သူတို့တတွေ အများစု သူတို့ မြေပြန်နင်းခွင့်ရပြီးမှ ရိုဟင်ဂျာ ပြဿနာ ကို ပြောသင့်၊ ဖြေရှင်းသင့်၊ ပြောနိုင်၊ ဖြေရှင်းနိုင်မယ်လို့ စာရေးသူတဦးတည်း အမြင်အရ ယူဆလို့ရယ်ကြောင့် ဖြစ်ပါတယ်။ ဆိုခဲ့တဲ့ အကြောင်းတွေထဲက နောက်ဆုံးအချက်ကို ဖတ်ရတော့ ရိုဟင်ဂျာ တွေ နဲ့ သူတို့ကို စာနာသူ၊ ထောက်ခံသူတွေက ဒီစာရေးသူက ဘက်လိုက်တယ်လို့လည်း မမြင်စေချင်ပါ။ သမိုင်း ဖြစ်စဉ် နဲ့ လက်ရှိ ပကတိ အခြေအနေအရ ရိုဟင်ဂျာ ပြဿနာ က ဖြေရှင်းဖို့ ပို သိမ်မွေ့ ခက်ခဲလို့ ဒီလို ယူဆခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်က လူတဦးချင်းသဘောနဲ့ ကျူးလွန်းခဲ့တဲ့ ရာဇဝတ်မှု ကနေဆက်စပ်လို့ နောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်လာပြီး အကြမ်းဖက်မှု၊ သတ်ဖြတ်မှု တွေ ဆက်ဖြစ်ကာ အဓိကရုဏ်း ပုံစံ မတည်ငြိမ်မှုတွေ ဒေသတွင်းမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ [စကားချပ် - အဲဒီ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ဖြစ်ခါစမှာ အကြောင်း/အကျိုး ရှာတဲ့ စာရေးသူရဲ့ အမြင်ကို “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ”၊ မိုးမခ (ညွှန်း-၁) ဆိုပြီ ရေးခဲ့ဖူးပါတယ်။] ဒီလို အနေအထားနဲ့ အတူ မိမိတို့ ရဲ့ လူ့အဖွဲ့အစည်းမှာ ကိုးကွယ်မှု ဘာသာတူ တိုင်းရင်းသား ရခိုင် တွေကို စာနာသူ၊ ဘင်္ဂါလီ အနွယ် ရိုဟင်ဂျာ တွေ ကို စာနာတဲ့ သူတို့နဲ့ဘာသာတူ ဗမာပြည်ဖွား၊ နိုင်ငံသား

(3)

ဘာသာကွဲတွေ စတဲ့ ဘက်နှစ်ဘက်စလုံးက လူတွေ၊ ဘက်မလိုက်ဘဲ ဖြစ်စဉ် သတင်း အချက်အလက် အမှန်ကိုသာ ကိုယ်ပိုင် အာဘော် မပါ အတိအကျ အစွဲကင်းကင်း ဖော်ပြပြီး သူကြီး အလုပ်၊ တရားသူကြီး အလုပ် ဝင်မလုပ်ဘဲ နေရမယ့် မီဒီယာတွေ (ပြည်တွင်း/ပြည်ပ/နိုင်ငံပိုင်) နဲ့ ပြဿနာကို အလျင်အမြန် ထင်သာမြင်သာ ရှိရှိ ဖြေရှင်းရမယ့် ဒေသခံ ပြည်နယ် အစိုးရ နဲ့ ပြည်ထောင်စု အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ကြားဝင် ဖြေရှင်း စေ့စပ်ဖို့ ကြိုးစားရမယ့် နိုင်ငံရေးပါတီတွေ စတဲ့ အစုအဖွဲ့ အသီးသီးက တုန့်ပြန်ပုံတွေမှားယွင်း၊ အရေးယူမှုတွေ နောက်ကျ၊ သဘောထားတွေ မမှန်ကန်၊ ဘာသာ/လူမျိုး အခြေခံစိတ်တွေ ထား စတဲ့ မမှန်ကန်တဲ့ ဖြေရှင်းမှု နဲ့ သဘောတွေ ကြောင့် လူမျိုး/ဘာသာ ကွဲတွေအကြား အမြင်မကြည်လင်မှု နဲ့ အမုန်းတွေဟာ ဗမာ့ လူ့အဖွဲ့အစည်းထဲကို အရင်ကထက် ပို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောက်ရှိလို့လာခဲ့ပါတယ်။ ဒီသဘော နဲ့ ဖြစ်စဉ်ဟာ တိုင်းပြည် နယ်နမိတ် ကိုပါ ကျော်ဖြတ်ပြီး နိုင်ငံတကာမှာပါ ထင်ရှားလာခြင်းနဲ့အတူ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ မိမိလူအဖွဲ့အစည်းရဲ့ အားနည်းချက်ကြောင့် သတင်းတွေ၊ ဖြစ်ရပ်တွေဟာ အမျိုးမျိုး ချဲ့ထွင် ပုံဖျက်ခံရကာ စွပ်စွဲမှု အကြီးကြီးတွေ အထိ ဖြစ်လာတဲ့ အတွက် ဒီ ရိုဟင်ဂျာ ပြဿနာ ကို ပြည်တွင်း ပကတိ အခြေအနေ အခြေပြုကာ နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း ကိုက်ညီအောင် စဉ်းစား စီစဉ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အားလုံး အလုံးစုံ ဖြေရှင်းနိုင်မှသာ ခု ဒီမိုကရေစီ နိုင်ငံတော်သစ် တခု ပြန်လည် တည်ထောင်မယ်လို့ ကြွေးကြော်နေတဲ့ တိုင်းပြည်ရဲ့ ရှေ့ အနာဂတ် လမ်းမှာ လုပ်ရမယ့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် လုပ်နိုင်တော့မယ့် အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။ နောက်တခုက မိမိ လူ့အဖွဲ့အစည်းရဲ့ ဖုံးဖုံးဖိဖိ သိုသိုဝှက်ဝှက် လုပ်တတ်တဲ့ အကျင့် နဲ့ ပွင့်လင်းမြင်သာမှုအားနည်းတဲ့ စရိုက် အရိုးစွဲနေမှုသဘောက ချဲ့ကား လုပ်ကြံ ပြောဆိုခံရမှုတွေ နဲ့ အတူ အကျိုးဆက် ရင်ဆိုင်ရလာနိုင်တဲ့ (ခုအချိန်မှာ ခြိမ်းခြောက်မှု အနေနဲ့က စရှိနေပါပြီ) အကြမ်းဖက်ခံရမှု အခြေအနေက နိုင်ငံ ရဲ့ တိုးတက် စည်ပင်သာယာဝပြောရေး နဲ့ နိုင်ငံသား အားလုံး ရဲ့ လုံခြုံရေးကို တကယ် ထိခိုက်နိုင်မယ့် အခြေအနေဖြစ်သွားခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ လုံခြုံရေးကိုတာဝန် ယူပေးရတဲ့ သူတွေမှာ ခေတ်မီ ကောင်းမွန် ပြည့်စုံတဲ့ စနစ်၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ စနစ်တကျ လေ့ကျင့်ပေးမှု အားနည်းခြင်း နဲ့ အတူ ဘယ်အရာမဆို ပြီးပြီးရော အလွယ် လုပ်တတ်တဲ့ အကျင့်ဟောင်း မပျောက်သေးတဲ့ အခုလို အချိန်မှာ

(4)

ဒီလို အနေအထားဟာ ခြိမ်းခြောက်မှု သက်သက်ဆိုစေအုံးတော့… အပြစ်မဲ့ပြည်သူလူထုအတွက်၊ တိုင်းပြည် ခေါင်းဆောင်တွေ အတွက် တကယ်ပဲ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကမှ တကယ် ခု တချို့ ပုဂ္ဂိုလ်များ ရိုဟင်ဂျာ ပြဿနာကို ရှုမြင် သုံးနှုံးနေတဲ့ အမျိုးသား လုံခြုံရေး (National Security) ပြဿနာ အစစ် ဖြစ်ပါတယ်။ ဒီလို နောက်ခံအနေအထားတွေကြောင့် စာရေးသူလည်း ဘယ်လို အသံမျိုး၊ လွှမ်းမိုးအရာရောက်မှုမျိုးမှ ဖြစ်ပေါ်စေနိုင်စွမ်း သူ မဟုတ်တဲ့ သာမန်လေ့လာသူ လူငယ် တယောက်ပေမယ့် ရိုဟင်ဂျာ ပြဿနာ နဲ့ ဆက်စပ်လို့ ဝင်ရောက် ပြောဆိုဆွေးနွေးလိုစိတ် ဖြစ်ပေါ်လာရပါတယ်။ နောက်အကြောင်းတခုက ဆိုခဲ့သလို ဒီပြဿနာကို တခါမှ ဆောင်းပါးရှည် အနေနဲ့ အကျယ်တဝင့် မပြောခဲ့ဖူးဘူးဆိုတာ မှန်ပေမယ့် ဒီ ရခိုင် မတည်ငြိမ်မှု ဖြစ်စဉ် အစကို သုံးသပ်ခဲ့တဲ့ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ” ဆောင်းပါး နောက်မှာ စာရေးသူရဲ့ ရိုဟင်ဂျာ ပြဿနာ အမြင် ကို ကိုယ်ပိုင် လူမှုကွယ်ရက် စာမျက်နှာပေါ်မှာ စာတို အနေနဲ့ တခါ ရေးခဲ့ဖူးပါတယ်။ ရေးခဲ့တဲ့ စာတိုပါ သဘော နဲ့ အခု ဆောင်းပါးမှာ ရေးမယ့် အချက် တွေဟာ အတူတူ ပါပဲ။ အဲဒီတုန်းက ရေးခဲ့တဲ့ စာတို ပါ သဘော ထား အတော်များများ၊ အထူးသဖြင့် နိုင်ငံသား ဥပဒေကို အမှန်အတိုင်း အသုံးချပြီး လက်ရှိ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ရိုဟင်ဂျာတွေထဲက နိုင်ငံသားဖြစ်ထိုက်သူတွေကို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးပြီး ဖြေရှင်းမှ ဒီပြဿနာ ကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောကို လက်ခံ နားလည်မှု ရှိလာတဲ့ သဘော လက်ရှိ အစိုးရရဲ့ အကြီးအကဲ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုလာတဲ့ အခု အချိန်မှာ ဒီအကြောင်းရဲ့ နောက်ခံ အခြေအနေကို နည်းနည်း အသေးစိတ် ဆွေးနွေးတဲ့ ဆောင်းပါး ပုံစံ အသစ် ရေးလိုစိတ် ဖြစ်ပေါ်လာပါတယ်။ အောက်တွင် ဆက်လက် ဖတ်ရူပါ။

ရိုဟင်ဂျာလူမျိုး နာမည် အခေါ်အဝေါ် အငြင်းပွားမှု (Rohingya: Naming Controversial)

ရခိုင်၊ မြန်မာ သမိုင်းပညာရှင် တချို့ နဲ့ ရခိုင်၊ မြန်မာ အများစုက ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ် နဲ့ အသုံးအနှုန်း ဟာ လွတ်လပ်တဲ့ ဗမာပြည် ခေတ်ဦး ရောက်မှ နိုင်ငံရေး လိုအပ်ချက်အရ တည်ထွင် ဖန်တီး သုံးစွဲ ခဲ့ကြတယ်လို့ ယူဆနေကြပါတယ်။

(5)

နိုင်ငံရေး သဘော မဆောင်ဘဲ ဘာသာဗေဒ သဘောအရ ဒီဝေါဟာရ ဖြစ်ပေါ်လာပုံ ကို ရခိုင်/ မြန်မာ - ရိုဟင်ဂျာ ဘက်နှစ်ဘက်စလုံးလည်း လက်ခံနိုင်မယ့် ရှေးကွင်းဆက် ပြောရမယ်ဆိုရင် (၁၈) ရာစု နှောင်းပိုင်း (၁၇၉၉) ခုနှစ်မှာ အခု အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒေသ ပတ်ဝန်ကျင် ဗြိတိသျှ-အိန္ဒိယ မှာ အခြေချနေထိုင်ပြီး စစ်တကောင်း ဒေသ နဲ့ ရခိုင် ဒေသတွေကို သွားလာလေ့လာခဲ့တဲ့ အဲ့ခေတ်က ခေတ်ပြိုင် ပုဂ္ဂိုလ် လို့ ဆိုနိုင်တဲ့ စကော့လူမျိုး ဆရာဝန် Dr. Francis Buchanan-Hamilton (1762-1829) ရေးသားခဲ့တဲ့ “မြန်မာ (ဗမာ) လက်နက် အင်ပါယာ နိုင်ငံတော် အတွင်းရှိ ဘာသာစကား အပြော တချို့ရဲ့ ဝေါဟာရ အသုံးများ နှိုင်းယှဉ်လေ့လာချက်“ ဆောင်းပါးမှာ ရခိုင်ဒေသ မှာ နေထိုင်နေတဲ့ မဟာမေဒင် ဘာသာ ကိုးကွယ် တဲ့ ရိုအင်ဂျာ (Rooinga) လူမျိုးတွေရဲ့ စကားကိုလည်း ဒေသသုံး စကား (Dialect) အနေ နဲ့ ထည့်သွင်း မှတ်တမ်း တင်ခဲ့ပါတယ်။ ဒီ အချက်ကိုလည်း ယနေ့ခေတ်ပြိုင် ပြင်သစ် လူမျိုး ရခိုင် သမိုင်း ကျွမ်းကျင်သူ ပညာရှင် Dr. Jacques P. Leider က ဘာသာဗေဒ သဘောအရ ခု တွေ့ရှိ့ရသေးသမျှ ထဲက အစောဆုံး တွေ့ရှိချက် လို့ လက်ခံထားပါတယ်။ သူဟာ ရိုဟင်ဂျာ တွေကို ဌာနေတိုင်းရင်းသား မဟုတ်ဘူးလို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားသူ တယောက်ဆိုတာလည်း သတိပြုပါ။ ဘာသာဗေဒ စကားလုံး ဝေါဟာရ တွေ ရဲ့ ရင်းမြစ် နဲ့ ဖြစ်ပေါ် ပြောင်းလဲတိုးတက်မှု (Etymology) သဘော အရ (၁၈) ရာစု ထက် ရှေးကျတယ် ဆိုတဲ့ အခြား ကောက်ချက် ဆွဲ သူ ပညာရှင် တွေရဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် စာရေးသူဟာ ဒီစာကို အငြင်းပွားမှုတွေ ဖြစ်ပေါ်စေဖို့ ရေးတာမဟုတ်ဘဲ ဘက်နှစ်ဘက်စလုံး လက်ခံနိုင်တဲ့ အတိုင်းအတာ ကိုပဲ ဆိုချင်တဲ့ အတွက် အကျယ်ထည့်မရေးခြင်း ဖြစ်ပါတယ်။ ဒီလို နောက်ခံ အခြေအနေ မှာ စာရေးသူ အနေနဲ့ ဘယ်တုန်းကတည်းက ရိုဟင်ဂျာ စကားလုံး ပေါ်ခဲ့တယ်၊ ရိုဟင်ဂျာလို့ ခေါ်ခဲ့တယ်/မခေါ်ခဲ့ဘူး ဆိုတာ မငြင်းဘဲ လူမျိုးတွေရဲ့ မွေးရာပါ လွတ်လပ်စွာ ရွေးချယ်ခွင့် သဘောအရ သူတို့ လူမျိုးတွေ အများစု ကျေနပ်လို့ သူတို့ဘာသာ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခွင့်ရှိခြင်းကို လက်ခံပါတယ်။ အများကလည်း သူတို့ကို ညွှန်းဆိုရင် သူတို့ခေါ်စေဖို့ သတ်မှတ်ထားတဲ့ နာမည် အတိုင်းပဲ အသုံးပြုရမယ်လို့ ယုံကြည်ပါတယ်။ အခြား လူမျိုး တမျိုးမျိုးရဲ့ နာမည် နဲ့ မတူတဲ့ အခြား သူတို့ ကြိုက်တဲ့ နာမည် အသစ် တခုခုကို သူတို့ လူမျိုး ဆန္ဒအရ ခုမှ ပြောင်းလဲသတ်မှတ်ချင်တယ်ဆိုရင်လည်း ရသေးတယ် လို့ ယူဆပါတယ်။

(6)

ရိုဟင်ဂျာဟာ ဗမာနိုင်ငံရဲ့ ဌာနေ တိုင်းရင်းသားလား (Is Rohingya a Native Ethnic Group of

Burma?)

ဗမာနိုင်ငံသမိုင်းကို အခြေခံ အဆင့် လေ့လာဖူးသူဆိုရင် ရိုဟင်ဂျာ တွေ ဟာ အပြည့်အဝ နိုင်ငံသားတွေအဆင့်သာမက ဌာနေ တိုင်းရင်းသားပါ အသတ်မှတ်ခံခဲ့ရဖူးတယ်ဆိုတယ်ကို သိနိုင်မှာ ဖြစ်ပါတယ်။ အားလုံး လက်လှမ်းမီနိုင်တဲ့ အလွယ်ဆုံး အထောက်အထားပြရရင် စာပေဗိမာန် ၁၉၆၄ ပဌမအကြိမ်ထုတ် မြန်မာ့စွဲစုံကျမ်း အတွဲ (၉)၊ အပိုင်း (က)၊ စာမျက်နှာ (၈၉) ပါ “မေယုနယ်ခြားခရိုင်” ခေါင်းစဉ် အောက်က ရခိုင်ပြည်နယ် မယူတောင်တန်းကို ဗဟိုပြုတဲ့ မယူမြစ် နဲ့ နတ်မြစ်ကြား ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် မြို့နယ်များမှာ နေထိုင်တဲ့ လူအများစု (၇၅ ရာခိုင်နှုန်း) ရိုဟင်ဂျာ လူမျိုးများ နဲ့ အခြား ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီး တိုင်းရင်းသားတွေ အကြောင်းကို ဖတ်ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို နောက်ခံသမိုင်း နဲ့ အခြေအနေ မှာ ဗမာ့သမိုင်းကို အခြေခံထက်ပို လေ့လာဖူးတယ် တယ်လို့ ဆိုချင်ရင် ရတဲ့ စာရေးသူ အနေနဲ့ ရိုဟင်ဂျာ ဟာ ဗမာနိုင်ငံရဲ့ ဌာနေတိုင်းရင်းသား တွေပါလို ဘယ်တုန်းကမှ မဆိုခဲ့၊ မမြင်ခဲ့၊ မပြောခဲ့သလို အခုဆောင်းပါး အပါအဝင် နောင်လည်း.. ပြောမှာ ရေးမှာ မဟုတ်ပါ။ အကြောင်းက ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ကြောင်း သတ်မှတ်ခံခဲ့ရမှု ဖြစ်စဉ် နဲ့ အကြောင်း သဘောကို လက်မခံလို့ ဖြစ်ပါတယ်။ ဒီလိုပဲ နောက်ပိုင်း စစ်အစိုးရခေတ် ရောက်မှ နိုင်ငံရေး လိုအပ်ချက် သဘောအရ သတ်မှတ်ခဲ့တဲ့ အခြား တိုင်းရင်းသားဖြစ်မှု တချို့ကိုလည်း အလုံးစုံ သဘော အနေနဲ့ လက်ခံလို့ မရပါ။ ငြင်းလည်း မငြင်းပါ။ သူတို့ တိုင်းရင်းသား ဟုတ်/မဟုတ် စာရေးသူ အနေနဲ့ မပြောဘူး/ မငြင်းဘူးဆိုတာ ဘာကြောင့် ဆိုတာကို နောက်အကြောင်းတခုပြရရင်… လူတွေဟာ သမိုင်းမတင်မီ ခေတ်တွေမှာ ကမ္ဘာ အနှံ့ ဆိုသလို ရေကြည်ရာ မြက်နုရာ ရှာဖွေရင်းနဲ့ လှည့်လည်၊ သွားလာလေ့ရှိပြီး သင့်လျော်ရာ နေရာ၊ ဒေသ နဲ့ ဥတု မှာ သင့်လျော်သလို နေထိုင် အခြေချ လေ့ရှိကြပါတယ်။ လူမျိုးစု တစုကို လက်ရှိ တိုင်းပြည်၊ နိုင်ငံရယ်လို့ ခေါ်ဆို သတ်မှတ်ကြတဲ့ နေရာတနေရာအတွက် ဌာနေတိုင်းရင်းသား ဟုတ်/မဟုတ် သတ်မှတ်ရာမှာ အခြား သိပ္ပံနည်းကျ ဘာသာဗေဒ၊ မနုဿဗေဒ စတဲ့ ပညာရပ်ဆိုင်ရာ သုံးသပ် ကောက်ချက်ဆွဲမှု များနဲ့ အတူ အဓိက က သမိုင်း ဖြစ်စဉ် မှတ်တမ်း အနေနဲ့ လက်ရှိ

(7)

နိုင်ငံတည်ရှိတဲ့ နေရာဒေသ၊ နယ်နမိတ်အတွင်းကို သမိုင်းမတင်မီ (သို့) သမိုင်းတင်စ အခြေအနေက စလို့ နောက်ပိုင်း ဘယ်အချိန် အစောဆုံး အဲ့လူမျိုးစု အများစု ဝင်ရောက် အခြေချ နေထိုင်ကြ (Mass Migration/Settlement) သလဲဆိုတာကို ကြည့်ဆုံးဖြတ်လေ့ရှိကြပါတယ်။ မြန်မာ အပါအဝင် အခြား လက်ရှိ အစိုးရ နဲ့ လူအများစု နိုင်ငံတိုင်းရင်းသားအဖြစ် လက်ခံထားတဲ့ လူမျိုးစုတွေလည်း ဒီလို လှည့်လည်သွားလာ နေထိုင်ခဲ့ကြရင်းနဲ့ပဲ ဗမာ့ သမိုင်းမတင်မီ နဲ့ တင်ပြီးစ ခေတ်တွေမှာ လက်ရှိ ဗမာ နိုင်ငံလို့ ခေါ်ဆိုသတ်မှတ်တဲ့ ဧရိယာ အတွင်းကို ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြတာပါပဲ။ ဒီလို စတင် အခြေချနေထိုင်တဲ့ အချိန် သတ်မှတ်ကြရမှာလည်း ရှာဖွေတွေ့ရှိတဲ့ မြေထဲသမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေအရ ခုနှစ်၊ သက္ကရာဇ် အတိအကျ ပြောဆိုနိုင်မှု အားနည်းပြီး အမျိုးမျိုးယူဆနိုင်စရာ ရှိပါတယ်။ ဒီလို သဘောအတိုင်းပဲ ရိုဟင်ဂျာတွေ ဘယ်အချိန်တုန်းကတည်းက ခုလက်ရှိ သူတို့နေထိုင်နေတဲ့ ရခိုင် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသမှာ လာရောက် အခြေချနေကြသလဲဆိုတာဟာလည်း သမိုင်းဆိုင်ရာ အချက်အလက်အနေနဲ့ ဘက်နှစ်ဘက် အပြန်အလှန် အငြင်းပွားဖွယ်ရာ အခြေအနေ ဖြစ်နေလို့ ဖြစ်ပါတယ်။ စာရေးသူ အမြင်နဲ့ သူတို့ဟာ တိုင်းရင်းသား တကယ် ဟုတ်/မဟုတ်လည်း သုံးသပ်လိုစိတ် မရှိပါ။ သုံးသပ်လိုစိတ် မရှိတာထက် သုံးသပ်နိုင်ခွင့်မရှိတာဆိုရင်ပိုမှန်ပါမယ်။ စာရေးသူ တယောက်တည်း အမြင်၊ သဘောထားနဲ့ သုံးသပ်ပြောဆို၊ ဟုတ်/မဟုတ် ရေးသားပြောဆိုရင်လည်း အငြင်းပွားဖွယ်ရာ ဖြစ်လာတာသာ အဖတ်တင်ပြီး ဘာမှ လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အထောက်အကူ ပြုမှာ မဟုတ်ပါ။ သူတို့ကို ဌာနေတိုင်းရင်းသား ဟုတ်/မဟုတ် ဆုံးဖြတ်တဲ့ အလုပ်ကို စာရေးသူ အမြင် တခုတည်းနဲ့ သုံးသပ်လို့ မရသလို အခြား ပုဂ္ဂိုလ် တဦးဦး၊ ပညာရှင် တယောက် ယောက်၊ နိုင်ငံရေး အဖွဲ့အစည်း တခုခု နဲ့ အစိုးရ အပါအဝင် တဦးချင်း၊ တဖွဲ့ချင်း သဘော ဘယ်သူမှလည်း လုပ်ဆောင်၊ ပြောဆို၊ ဆုံးဖြတ်လို့မရပါ။ နောက်ဆုံးမှာ ဥပဒေပြု လွှတ်တော် နဲ့ အစိုးရက ဌာနေတိုင်းရင်းသား ဖြစ်မှု ကို ဆုံးဖြတ်ချက် ချပေးရမှာ မှန်ပေမယ့် ဒီလို ဆုံးဖြတ်ချနိုင်ဖို့က ပထမဦးဆုံး အနေနဲ့ ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့ လွတ်လပ် ဘက်မလိုက်တဲ့ ဘာသာဗေဒ၊ မနုဿဗေဒ၊ သမိုင်း၊ ရှေးဟောင်း မြေထဲသမိုင်း ပညာရှင် စတဲ့ ပညာရပ် ဆိုင်ရာ အမြင်တခုတည်း အပေါ်သာ အခြေခံတဲ့ ပညာရှင်တွေ စုစည်းထားတဲ့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေး အဖွဲ့က

(8)

သုံးသပ်လေ့လာပြီး အကြံပြုချက် တရပ်ကို လူထု နဲ့ အစိုးရထံကို တင်ပြရမှာ ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ အဂတိ ကင်းတဲ့ သုံးသပ်ချက် ထုတ်ပြန်ပြီးနောက် လိုအပ်ရင် အများစု လူထု သဘောထားဆန္ဒခံကာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လွတ်လပ်စ ဗမာပြည် ပါလီမန် ဒီမိုကရေစီ အစိုးရခေတ်၊ နောက်ပိုင်း တော်လှန်ရေးကောင်စီ နဲ့ မဆလ ခေတ်ဦးပိုင်းတွေမှာ သတ်မှတ်ခံထားရတဲ့ ရိုဟင်ဂျာရဲ့ တိုင်းရင်းသားဖြစ်မှု နဲ့ နောက်ပိုင်း စစ်အစိုးရခေတ်မှာ အသိမှတ်ပြုခဲ့တဲ့ တခြား တိုင်းရင်းသားလူမျိုး ကို စာရေးသူ လက်မခံဘူး၊ သူတို့ဟာ တိုင်းရင်းသားတွေပါလို့ ခုလည်း မပြောဘူး၊ ငြင်းလည်း မငြင်းဘူးဆိုတာက ခု စာရေးသူ တင်ပြခဲ့တဲ့ လွတ်လပ်မျှတတဲ့ ပညာရပ်ဆိုင်ရာ သဘော၊ အလုပ် နဲ့ ဖြစ်စဉ် အဲဒီ အချိန်တုန်းက အားနည်းခဲ့လို့ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့တဲ့ အနေအထားမှာ ရိုဟင်ဂျာ ဟာ တိုင်းရင်းသား ဟုတ်/မဟုတ်ကို လက်ရှိ အချိန်မှာ အငြင်းမပွားကြဖို့ ရခိုင်၊ မြန်မာ၊ ရိုဟင်ဂျာ ပညာရှင် နဲ့ သာမန် လူထု ကို စာရေးသူအနေနဲ့ အကြံပြု တောင်းဆိုချင်ပါတယ်။ ဒီလိုအငြင်းပွားမှု ဘာကြောင့် မလုပ်သင့်သလဲဆိုတာက စာရေးသူ တဦးတည်း ဘာကြောင့် မဆုံးဖြတ်နိုင်၊ အငြင်းမပွားနိုင်၊ အငြင်းပွားခွင့်၊ ဆုံးဖြတ်ခွင့် မရှိလို့ပါလို့ အကြောင်းပြ အထက်မှာ ဆိုခဲ့တဲ့ သဘောတရား အတိုင်းပဲ ဖြစ်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံသားဖြစ်ပိုင်ခွင့်ကို တဘက်သတ် ဥပဒေ အရ သတ်မှတ်ပြဋ္ဌာန်းချက်ကြောင့် လက်လွတ်ဆုံးရှုံးလိုက်ရလို့ တဘက်က အရင်ကတည်းက ဌာနေ တိုင်းရင်းသားတွေပါ ဆိုတဲ့ အခြေအနေကို ဇောင်းပေးပြီး ပြောဆို ဆွေးနွေးလိုတဲ့ အဝေးရောက် ရိုဟင်ဂျာ ခေါင်းဆောင်၊ ပညာရှင် ဆိုသူများနဲ့ ပြန်လည် မဟုတ်ကြောင်း ငြင်းချက်ထုတ်နေတဲ့ ရခိုင်၊ မြန်မာ ပညာရှင် များကို စာရေးသူ အနေနဲ့ အနူးအညွတ် မေတ္တာ ရပ်ခံ အသိကပ်စေလိုတာကတော့ ဒီလို တိုင်းရင်းသာ ဟုတ်/မဟုတ် အခုအချိန်မှာ အငြင်းပွားနေလို့ ပြဿနာ က ပြီးမှာ မဟုတ်တဲ့ အပြင် ငြင်းနေတုန်းကာလမှာပဲ လူမျိုးရေး အဓိကရုဏ်း ပုံစံတွေ ထပ်ဖြစ်ရင် အရင်ဆုံး အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ဆုံးရှုံးရမှာက အခု စာရေးနေသူ စာရေးသူ၊ အခု စာဖတ်နေသူ အများစု အပါအဝင် အငြင်းပွားနေသူ ပညာ ရှင်များမဟုတ်ဘဲ တကယ် ပဋိပက္ခ ဒေသမှာ နေထိုင်နေတဲ့ ရခိုင် နဲ့ ရိုဟင်ဂျာ ပြည်သူလူထုတွေသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။

(9)

လတ်တလော တရားမဝင် ဝင်ရောက် အခြေချနေထိုင်သူများ နဲ့ အကျင့်ပျက် လာဘ်စားမှု (Recent

Illegal Immigrants and Corruption)

ရိုဟင်ဂျာ ပြဿနာ ကို သုံးသပ်ရင် မူရင်း ဗမာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မေယုနယ်ခြားဒေသမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ နဲ့ ခု လူအများ ပြောဆိုနေကြတဲ့ နောက်ပိုင်း ခိုးဝင်လာနေတယ်ဆိုတဲ့ ဘင်္ဂါလီ တွေ ကို ခွဲခြား မြင်နိုင်ရပါမယ်။ စာရေးသူ အနေနဲ့ ခုလတ်တလော၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်းမှာ အဲဒေသကို တရားမဝင် ခိုးဝင် ဝင်ရောက်နေထိုင်သူတွေ ရှိတယ်ဆိုတာကို မငြင်းပါ။ ဒါပေမယ့် ဒါဟာ အနည်းစု ဖြစ်တယ်ဆိုတာကိုပဲ ထောက်ပြချင်ပါတယ်။ အကြောင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လက်မှတ်ကိုင်ထားသူ သူတို့ နိုင်ငံသားတွေဟာ အစစအရာရာ ဖိနှိပ်မှု ပြင်းထန်၊ အလုပ်အကိုင် အခွင့်အရေး နည်းပါ၊ လုပ်ခ လစာနည်း၊ ပိုက်ဆံတန်ဖိုး မရှိ တဲ့ ဒီဘက်ကို လာရောက် အခြေချစရာ အကြောင်းမရှိလို့ပါ။ လက်လုပ်လက်စားထဲက ဒီဘက်မှာ အလုပ်အကိုင် လာလုပ်တာ အနည်းစု ရှိကောင်း ရှိပါမယ်။ ဒါပေမယ့် တကယ် ဘင်္ဂလားဒေ့ရှ့် နိုင်ငံသား အခြေခံလူတန်းစားတွေဟာ မိမိတို့ နိုင်ငံဘက် ကူးလာပြီး နှစ်ပြား၊ တပဲ ရမယ့် အလုပ်မျိုးတွေထက် သူတို့ အစိုးရ က ကိုယ်တိုင်က ဦးစီးပြီး စနစ်တကျနဲ့ နိုင်ငံတကာကို တရားဝင် အလုပ်ကြမ်း အလုပ်သမား တင်ပို့ပြီး နိုင်ငံခြား ဝင်ငွေ ရှာနေတဲ့ အစီအစဉ်အရ အခြား ချမ်းသာတဲ့ စင်္ကာပူလို၊ သူတို့နဲ့ ဘာသာချင်း တူတဲ့ အာရပ်နိုင်ငံတွေလိုမှာ သွားလုပ် ဒေါ်လာရှာနေကြတာက အများစု ဖြစ်ပါတယ်။ နောက်တခုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ထဲက အလယ်အလတ်တန်းစား၊ ငွေကြေးလည်း ထုတ်နိုင်တဲ့ စီးပွားရေးသမား တချို့ ဒီဘက်လာ အာဏာပိုင်တွေကို လာဘ်ထိုး၊ ဝင် စီးပွားလုပ်၊ ဟိုဘက်ဒီဘက် တရားမဝင် ကူးချည် သန်းချည် လုပ်နေတာတွေ ရှိမှာပါ။ ဒါဟာ မူရင်း အဲ့ဒေသမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေနဲ့ မပတ်သက်ပါ။ အာဏာပိုင် တွေရဲ့ အကျင့်ပျက် ခြစားမှုကြောင့် ဒီလို တဘက် အိမ်နီးချင်းနိုင်ငံက စီးပွားရေးသမားတွေ မိမိနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက် စီးပွားလာရှာခွင့်ရနေတဲ့ ပြဿနာဟာ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ် တခုတည်းမှပဲ ရှိနေတာမဟုတ်ပါ။ ဗမာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံတိုင်းနဲ့ ထိစပ်နေတဲ့ စီးပွားဖွံ့ဖြိုးတဲ့ နယ်စပ်မြို့တွေတိုင်းမှာ ရှိနေတဲ့ ပြဿနာပါ။ ဘင်္ဂါလီတွေလိုပဲ အိန္ဒိယ၊ ထိုင်း၊ တရုတ် အလယ်အလတ် စီးပွားရေးလုပ်ငန်းရှင်တွေ၊ သစ်လုပ်ငန်းရှင်တွေ၊ တရားမဝင် မှောင်ခို ပစ္စည်း

(10)

တင်သွင်းသူတွေ၊ မူးရစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေဟာ ဒီလို ဒေသဆိုင်ရာ အာဏာပိုင် အဆင့်ဆင့် ကို လာဘ်ထိုးတဲ့ နည်းနဲ့ပဲ ဝင်ထွက်သွားလာ လုပ်ကိုင်နေကြတာပါ။ အများစုဟာ အခြေချနေထိုင်သူတွေ မဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် အတွင်း တိုင်းပြည်မှာ တကယ် လာရောက် အခြေချ နေထိုင်သူတွေက နယ်စပ်တွေကနေ ဝင်လာတဲ့ မှတ်ပုံတင် အသစ်ကျပ်ချွတ် သုံးလေးခု ကိုင်၊ ငွေမည်းတွေကို ကားနောက်ခန်းမှာ ဂုန်နီအိပ်ပေါင်းများစွာနဲ့ ထည့်ပြီး တိုင်းပြည်ရဲ့ မြို့ကြီးတိုင်းမှာ ဝင်ရောက်နေရာယူခွင့် ရနေသူ တရုတ် သူဌေး အကြီးစားတွေပါ။ ရိုဟင်ဂျာ ကို လူဝင်မှုကြီးကြပ်ရေး နဲ့ အစိုးရ ဝန်ထမ်းတွေ အကျင့်ပျက်မှု ပြဿနာ၊ အမျိုးသားရေး အမြင်နဲ့သာ အဓိက ကြည့်သင့်တယ်လို့ ယူဆနေသူများကိုလည်း ဒီလိုကိစ္စတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ အကြံပြုလိုပါတယ်။ ဟို ယခင် နဲ့ လက်ရှိ ဗမာပြည်မှာ တရားမဝင် မှတ်ပုံတင်အတု (သို့) သက်တမ်းကုန်/တရားမဝင်တော့တဲ့ နိုင်ငံသား ကဒ်ပြားကိုင်ဆောင်ပြီး ဗမာပြည်မှာ နေထိုင် သွားလာ နေကြတာ နိုင်ငံခြားသား ချည်းပဲလည်း မဟုတ်ပါ။ တခြား နိုင်ငံ တခုခု (ဥပမာ စင်္ကာပူ၊ အမေရိကန်၊ ထိုင်ဝမ်) မှာ နိုင်ငံသား ခံယူပြီး မြန်မာလူမျိုး အစစ် နဲ့ မြန်မာနိုင်ငံဖွား လူမျိုးစုံ နိုင်ငံသားဟောင်းတွေလည်း ပါ ပါတယ်။ သူတို့ထဲက အများစုဟာ ဗမာပြည် ပြန်လာလည်ရင် နိုင်ငံခြားသား ပတ်ပို့စ် နဲ့ ဝင်ကောင်း ဝင်ခဲ့ပေမယ့် ဗမာပြည်မှာ နေထိုင်သွားလာနေစဉ် တလျှောက် ဗမာနိုင်ငံသားကဒ် ပြား ကိုင်ဆောင်ပြီး နိုင်ငံသား အခွင့်အရေး ခံယူနေကြတာတွေရှိပါတယ်။ တချို့ဆို ဗမာပတ်ပို့စ်ကို အရှင်ထားပြီး ပြန်အဝင် လေဆိပ်မှာကတည်းကကို ဗမာပတ်ပို့စ် နဲ့ ဝင် ဗမာပြည် မှာ တရားမဝင် နိုင်ငံသားနှစ်မျိုး (Illegal Dual Citizenship) ခံယူပြီး နှစ်ရှည်လများ ပြန်လာနေထိုင် စီးပွားလုပ်နေကြတာတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက လူဝင်မှုကြီးကြပ်ရေးပြဿနာဟာ ရိုဟင်ဂျာ တခုတည်း (သို့) ဘင်္ဂါလီ တခုတည်း မဟုတ်ဘဲ အားလုံး ဖြန့်ကျက် စဉ်းစားပြီး ဗမာပြည်က အစိုးရ ရုံးလုပ်ငန်းတွေရဲ့ စည်းစနစ်မကျမှု၊ အကျင့်ပျက်မှု ပုံစံမျိုးကို ထည့်သွင်း စဉ်းစား အစိုးရ ကို ပြုပြင်ဖို့ တောင်းဆိုရမယ် ဆိုတာကိုပါ။ ရိုဟင်ဂျာတွေထဲက အစိုးရ အာဏာပိုင်တွေကို လာဘ်ထိုးရတာတွေ ရှိတာ မှန်ပါတယ်။ အဲ့ဒေသမှာ ရာစုနဲ့ချီ နေခဲ့တဲ့ သူတို့ရဲ့ မျိုးဆက်တွေဟာ နောက်ပိုင်းမှာ နိုင်ငံသားအခွင့်အရေး လက်လွတ်ဆုံးရှုံးသွားရလို့

(11)

မှတ်ပုံတင်ရအောင်၊ ဆေးကုသခွင့် ရအောင်၊ ခရီးသွားခွင့်ရအောင်၊ အိမ်ထောင်ပြုခွင့်ရအောင် စတဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို လျော့နည်းစေဖို့အတွက် ပိုက်ဆံပေး ဖြေရှင်းနေရတာပါ။ နယ်စပ်ဒေသမဟုတ်တဲ့ အတွင်းပိုင်းက မြို့ကြီးတွေမှာ နေထိုင်တဲ့ အစဉ်အဆက်က နိုင်ငံသားဖြစ်ခဲ့တဲ့ လူမျိုးကွဲ (တရုတ်/အိန္ဒိယ)၊ ဘာသာခြားတွေလည်း မှတ်ပုံတင်လို၊ သန်းခေါင်စာရင်းလို အာဏာပိုင်တွေနဲ့ ဆက်ဆံရတဲ့ ကိစ္စမျိုးတွေမှာ ဘယ်လောက်ခက်ခဲ၊ ဘယ်လောက် ငွေကုန်ကြေးကျများ၊ စိတ်ပန်း၊ လူပန်း ဖြစ်ရသလဲဆိုတာ မိတ်ဆွေထဲမှာ အဲ့လူ လူမျိုးကွဲ၊ ဘာသာခြားတွေ ရှိတဲ့သူဆိုရင် နားလည် ခံစားသိနိုင်မှာပါ။ စာရေးသူ သိတဲ့ ရန်ကုန် တရုတ်တန်းမှာ ဘိုးဘွား၊ မိဘ က အစ မွေးတဲ့ တရုတ်သူငယ်ချင်းတွေဆို အစိုးရ က ထုတ်ပေးထားတဲ့ မှတ်ပုံတင် ကို ပျောက်မှာစိုးလို့ ရွှေလို အိမ်မှာ ဂရုတစိုက် သိမ်းထားပြီး ဓာတ်ပုံဆိုင်က လုပ်ပေးတဲ့ အစစ်နဲ့ တသွေမတိမ်းတူတဲ့ မှတ်ပုံတင်ကိုပဲ ခရီးသွားရင် ယူသွားနေရတာပါ။ ရန်ကုန် မှာ အဲ့လို မှတ်ပုံတင် အစစ်ရှိပြီးသားလူတွေကို အတုလုပ်ပေးတဲ့ ဓာတ်ပုံဆိုင်ဆိုရင် နီးစပ်တဲ့သူတွေ၊ လူမျိုးကွဲ၊ ဘာသာခြားတွေအကြားမှာ နာမည်ကြီးပါ။ ဆိုတော့ လူဝင်မှုကြီးကြပ်ရေး နဲ့ အကျင့်ပျက်ခြစား မှုက တတိုင်းပြည်လုံး အတိုင်းအတာ နဲ့ နေရာတိုင်း၊ စနစ်အဖွဲ့အစည်းတိုင်းမှာ အမြစ်တွဲနေတဲ့ ပြဿနာ အဖြစ်သာ ရှုမြင်ပြီး အကျင့်ပျက်မှု တိုက်ဖျက်ရေး၊ လူဝင်မှုကြီးကြပ်ရေးမှာ လုပ်ထုံးလုပ်နည်းတွေ မှန်ကန် မြန်ဆန်ပြီး ဥပဒေ အတိုင်း စနစ်တကျ လုပ်ဆောင်ပေးရေးတို့ကို အစိုးရ၊ နိုင်ငံရေးပါတီ နဲ့ ပြည်သူ့ ကိုယ်စားလှယ် လွှတ်တော် အမတ်တွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။ နောက်တခု ထောက်ပြလိုတာက ရိုဟင်ဂျာ ပြဿနာကို အဆုံးတိုင် မှန်ကန် ပြီးမြောက် မဖြေရှင်းနိုင်ရင် ခုလူအများယူဆနေကြတဲ့ လတ်တလော ဘင်္ဂါလီခိုးဝင်လာသူတွေ (Recent Begali Illegal Immigrants) ပြဿနာကိုလည်း ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ မဟုတ်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေး ရှုထောင့် (National Security’s Point of View)

လူဦးရေ အဆမတန် ထူထပ်နေတဲ့ တိုင်းပြည်ကြီးတွေနဲ့ ပထဝီအနေအထားအရ နယ်နမိတ်ထိစပ်နေတဲ့ ဗမာနိုင်ငံအဖို့ ရိုဟင်ဂျာ ပြဿနာ ကို အမျိုးသား လုံခြုံရေး ပြဿနာ လို့

(12)

မြင်နေကြသူတွေရဲ့ စိုးရိမ်မှု နဲ့ သဘောကို နားလည် လက်ခံပါတယ်။ လူဦးရေးတိုးပွားနှုန်းလည်း မြန်တဲ့ လူမျိုးကွဲ/ဘာသာခြား တွေဖြစ်တဲ့ ရိုဟင်ဂျာ ပြဿနာ ကို အမျိုးသားရေး / လူမျိုး / ဘာသာ သာသနာ စတဲ့ ရှုထောင့်က ကြည့်ချင်သူများလည်း ကြည့်လို့ရပါတယ်။ ကန့်ကွက်စရာ မရှိပါ။ ဒါပေမယ့် အားလုံး (အဲ့လိုမြင်သူ/မမြင်သူ) နားလည် လက်ခံထားရမှာက အဲဒီ ရှုထောင့် တခုထဲကနေ မြင်..၊ သုံးသပ်..၊ ကောက်ချက်ချ..၊ သဘောထုတ်ပြီး ဒီပြဿနာဟာ ဖြေရှင်းလို့ မရတာကိုပါ။ အလားတူ သဘောပဲ လူ့အခွင့်အရေး စံနှုန်း တခုထဲနဲ့လည်း မြင်လို့..၊ ရှင်းလို့ မရတာလည်း အားလုံး လက်ခံရပါ့မယ်။ ဆိုတော့ ဒီ နှစ်ခု ကြားချ ရမှာပါ။ ကြားချရင် ဘယ်ကိစ္စကို ရှေ့တန်းတင် စဉ်းစားရမလဲဆိုတော့ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ စတဲ့ အဂတိ လေးပါး နဲ့ ကင်းလွတ်ပြီး ဖြောင့်မတ်မှန်ကန်တရားမျှတမှုတခုတည်းဘက်ကသာ ရပ်တည်တဲ့ တရားဥပဒေ အတိုင်း ဖြစ်ရမှာပေါ့ ဆိုတာကို အခြေခံ စဉ်းစားမှသာ ပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံသား ဥပဒေ (Citizenship Law)

တရားဥပဒေ အတိုင်းပဲ ဖြစ်ရမယ် ဆိုခဲ့တော့ လက်ရှိ တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေ ရဲ့ ဖြစ်ပေါ်လာပုံ နဲ့ သူရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ပထမဦးဆုံး ဆန်းစစ်ဖို့ လိုလာပါတယ်။ ဒီသဘောဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ပြည်တွင်း၊ ပြည်ပက မြန်မာ/နိုင်ငံခြားသား ဥပဒေ ပညာရှင်တွေလည်း ရိုဟင်ဂျာ ပြဿနာကို ပြောတိုင်း ထောက်ပြလေ့ရှိတဲ့ သဘောပါပဲ။ ၁၉၇၈ မဆလ အစိုးရ ခေတ် မှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ဖြစ်လာမယ့် ဥပဒေကြမ်း ကို အဓိက ကိုယ်တိုင် ပါဝင် ညှိနှိုင်းဆွေးနွေးရေးဆွဲခဲ့တယ်လို့ မဆုံးခင် ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ သမိုင်းပညာရှင် ဒေါက်တာအေးကျော် ရဲ့ ဧရာဝတီ (၂၀၀၉) တွေ့ဆုံးမေးမြန်းခန်းအရဆို နိုင်ငံသား ဥပဒေ အတွက် အလိုအလျာက် နိုင်ငံသားဖြစ်ခွင့် ကိစ္စ ကို သူ (ဒေါက်တာ အေးကျော်) ရယ်၊ ဒေါက်တာ မောင်မောင် ရယ်၊ ဦးစံသာအောင် ရယ် အဓိက ဆွေးနွေးပြီး ဥပဒေကြမ်း ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

(13)

ဌာနေတိုင်းရင်းသား သဘော အလိုအလျောက် နိုင်ငံသား အသိအမှတ်ပြုမှုကို ဒေါက်တာအေးကျော် က (၁၈) ရာစုခေတ် ဘိုးတော်ဘုရားလက်ထက်မှာ ထုတ်ပြန်ဖူးခဲ့တဲ့ သန်းခေါင်စာရင်း မှတ်တမ်းကို အခြေခံဖို့ ပထမ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို ဒေါက်တာ မောင်မောင်က တအားစောလွန်းတယ်လို့ မြင်လို့ (၁၉) ရာစု ဗြိတိသျှ စ အဝင် ကိုလိုနီ ဖြစ်ခဲ့တဲ့ အချိန်ကို အခြေခံပြီး ဌာနေတိုင်းရင်းသား အဖြစ် အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို သတ်မှတ်ပြဋ္ဌာန်း ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ ရေးဆွဲခဲ့တယ် ဆိုတဲ့ ပညာရှင်ကြီးတွေရဲ့ ပညာ၊ ဥာဏ် ကို စာရေးသူအနေနဲ့ အငြင်းပွားစရာမရှိပါ။ သူတိုရဲ့ သမာဓိ ကို လည်း နောက်ခံ အခြေအနေ၊ အနေအထားတွေကြောင့် ထောက်ပြချင်ရင် ထောက်ပြလို့ရပေမယ့် ခုအချိန်မှာ မထောက်ပြလိုပါ။ ဒါပေမယ့် အခုလို ရှေးရာစုနှစ်ပေါင်း များစွာကတည်းက လူမျိုးပေါင်းစုံ မှီတင်းနေထိုင်နေလာခဲ့တဲ့ တိုင်းပြည် တပြည်ရဲ့ အရေးကြီးဆုံးကိစ္စကို နှစ်ယောက်တပိုင်းနဲ့ စီစဉ်ဆောင်ရွက်ခဲ့တဲ့ ပုံစံ၊ ဖြစ်စဉ်၊ သဘောကို မေးခွန်းထုတ်ဖို့ လိုတယ်..၊ ပြန်လည်စီစစ်ဖို့ လိုတယ်.. လို့ ယူဆပါတယ်။ (၁၉၈၂) နိုင်ငံသားဥပဒေ နဲ့ ၂၀၀၈ အခြေခံဥပဒေ ပါ နိုင်ငံသားဖြစ်ခွင့် သဘောကို ဥပဒေ သဘော၊ ဥပဒေပညာ ရှုထောင့် က သုံးသပ်ရင်လည်း လွတ်လပ်ရေးခေတ်ဦးကတည်းက ပြဋ္ဌာန်း သုံးစွဲလာခဲ့တဲ့ ရှင်းလင်းတဲ့ အခြေခံဥပဒေ ပါ နိုင်ငံသား ဥပဒေတွေကို ဖျက်သိမ်းပြီး ဥပဒေ စည်းမျဉ်းအရ မဟုတ်ဘဲ အစိုးရ အာဏာပိုင် တသဘောတည်း အလိုကျ အမျိုးမျိုး လိုသလို ပုံဖော် ဆောင်ရွက်နိုင်နေမှု၊ နိုင်ငံသားပြုခံပြီး နိုင်ငံသားဖြစ်စေတဲ့ ဥပဒေ ရဲ့ အားနည်းပြီး လိုသလို စီမံ ဆုံးဖြတ်ခွင့် ရနေမှု၊ ဗမာနိုင်ငံက နိုင်ငံတကာမှာ တရားဝင် ပါဝင် လက်မှတ်ထိုး သဘောတူညီထားတဲ့ လူ့အခွင့်အရေး နဲ့ ကလေး အခွင့်အရေး ပြဋ္ဌာန်းချက်တွေနဲ့ လက်ရှိတည်ဆဲ နိုင်ငံသား ဥပဒေ နဲ့ အခြေခံဥပဒေ ပါ အချက်အလက်တွေဟာ သဟဇတ မဖြစ် (Conflict) ဖြစ်နေမှု တွေလည်း ရှိနေပါတယ်။ [စကားချပ် - ဥပဒေ ရှုထောင့် က သုံးသပ်မှု ကို ရည်ညွှန်းပါ ဥပဒေ ပညာရှင် ဦးအောင်ထူး ရဲ့ ဆောင်းပါး (ညွှန်း-၂) နဲ့ ဘီဘီစီ ဆွေးနွေးခန်း (ညွှန်း-၃) တွင် ဆက်လက်ရှုပါ။ မွေးရာပါ လူ့အခွင့်အရေး အခြေခံ သဘောအရ နိုင်ငံသား ဖြစ်ခွင့် ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၅-၁) (ညွှန်း-၄) မှာ ဆက်လက် လေ့လာပါ။ မွေးရာပါ ကလေးသူငယ် အခွင့်အရေး နိုင်ငံသား ဖြစ်ခွင့်ကို အများပြည်သူ့ရေးရာ နှင့်

(14)

နိုင်ငံ့ရေးရာ အခွင့်အရေး နိုင်ငံတကာ သဘောတူစာချုပ် ပုဒ်မ (၂၄-၃) (ညွှန်း-၅) မှာ ရှုပါ။ ကုလသမဂ္ဂ ကလေးအခွင့်အရေး နိုင်ငံတကာ ဥပဒေ ပုဒ်မ(၇-၁) (ညွှန်း-၆) မှာ ကြည့်ပါ။] စာရေးသူ တဦးတည်း အမြင်အရ အထက်မှာ ဆိုခဲ့တဲ့ ဥပဒေ ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု၊ အားနည်းမှု၊ နိုင်ငံတကာ မှာ သဘောတူထားတဲ့ လူ့အခွင့်အရေး စံနှုန်း ကတိကဝတ်တွေနဲ့ လက်ရှိပြည်တွင်း ဥပဒေတွေ ကိုက်ညီမှု မရှိ ဖြစ်နေတာတွကို လက်ရှိ အစိုးရ နဲ့ ဥပဒေပြုလွှတ်တော်က အလေးအနက်ထား စဉ်းစားသင့်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေကို အချိန်အတိုင်းအတာ တခုအတွင်းမှာ လုပ်သင့်တယ်လို့ ယူဆပါတယ်။ ခုလောလောဆယ်အနေနဲ့ကတော့ လက်ရှိ အစိုးရ နဲ့ ရခိုင်/မြန်မာ သမိုင်း ပညာရှင်များ လည်း သဘောတူထားတဲ့ ကိုလိုနီစဖြစ်မှု (၁၈၂၄-၂၆ CE) နဲ့ အတူ ဘင်္ဂါလီ (ရိုဟင်ဂျာ) အများအပြား လာရောက် အခြေချနေထိုင်လာခဲ့တယ် ဆိုတဲ့ သဘော နဲ့ တည်ဆဲ (၁၉၈၂) နိုင်ငံသားဥပဒေ ရဲ့ နိုင်ငံသားပြုခွင့် အရ ရာစုနှစ်ပေါင်းများစွာ မေယု နယ်ခြား ဒေသမှာ အခြေချနေထိုင်လာခဲ့တဲ့၊ တနည်းအားဖြင့် ၁၉၄၈ မတိုင်မီ (ကိုလိုနီခေတ်အတွင်း) ဗမာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဝင်ရောက် အခြေချ လာခဲ့တဲ့ ရိုဟင်ဂျာတွေ ရဲ့ လက်ရှိ မျိုးဆက်တွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးခြင်းဖြင့် ဒီရိုဟင်ဂျာ ပြဿနာကို အလျင်အမြန် ဖြေရှင်းသင့်တယ်လို့ အကြံပြုလိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လာမှု (Return of Rohingya Refugees

from Bangladesh)

အထက်မှာ ဆိုခဲ့သလို ဥပဒေ အရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေကို နိုင်ငံသား ပေးဖြေရှင်းသင့်တယ်လို့ အကြံပြုတော့ (အထက်မှာ ဆွေးနွေးတင်ပြခဲ့သမျှ ခေါင်းစဉ်တွေကိုလည်း လက်မခံနိုင်တဲ့) လူတချို့က စာရေးသူအပေါ် အမြင်တမျိုး မြင်နိုင်ပါတယ်။ ဒါကြောင့် ဥပဒေ သဘော မဟုတ်ဘဲ အခြား မြင်လွယ်တဲ့ အကြောင်းပြချက် တခုပေးရရင် ရိုဟင်ဂျာတွေကို အစဉ်အဆက် ဖိနှိပ်ခဲ့တဲ့ ယခင် စစ်အစိုးရကိုယ်တိုင်က ရိုဟင်ဂျာတွေဟာ ဗမာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုရတော့ တဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဒုက္ခသည် အနေနဲ့ ခိုလှုံ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေထဲက တချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူပြီး လှုဝင်မှုကြီးကြပ်ရေးက စီစစ်ပြီး ပြန်လည် လက်ခံခဲ့ရတာဟာ ယခင် စစ်အစိုးရခေတ်တလျှောက် အကြိမ်ပေါင်းများစွာ ပါ လို ဆိုပါရစေ။

(15)

ဥပမာ ဆိုရရင် ၁၉၉၆ ခုနှစ် မေလ (၁၊ ၂၂၊ ၃၀) ရက် ထုတ် စစ်အစိုးရ အင်္ဂလိပ် သတင်းစာ “The New Light of Myanmar” များပါ တရားဝင် သတင်းထုတ်ပြန် ချက် များ အရ ၁၉၉၂ ခုနှစ် က နေ ၁၉၉၆ မေလ ၂၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း (၁၉၈,၄၃၅) ယောက်ကို ကရင်ချောင်း ပြန်လည်လက်ခံရေး စခန်းအပါအဝင် အခြား ဖွင့်လှစ်ထားတဲ့ ပြန်လည်လက်ခံရေးစခန်းပေါင်းစုံကနေ ပြန်လည် လက်ခံခဲ့ကြောင်း သိရှိနိုင်ပါတယ်။ [စကားချပ် - ၁၉၉၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြန်လည် လက်ခံခဲ့မှုကိုလည်း ဘီဘီစီ သတင်းတပုဒ် (ညွှန်း-၇) တွင် နမူနာ ဖတ်ရှုနိုင်ပါတယ်။]

ပညာ၊ လူမှု၊ စီးပွား ဖွံ့ဖြိုးရေး အစီအစဉ်များ (Education, Social and Economics Development

Programmes)

အခု မေယုနယ်ခြားဒေသမှာ နေထိုင်နေတဲ့ နိုင်ငံသား ရိုဟင်ဂျာတွေနဲ့ အခြား ဌာနေတိုင်းရင်းသား ရခိုင် အပါအဝင် လူမျိုးစု တွေ အတူယှဉ်တွဲ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့၊ အနာဂတ်မှာ အတူနေ လူမျိုးကွဲ အုပ်စုချင်း ပဋိပက္ခ တွေ နည်းဖို့က ပညာရေး၊ လူမှုရေး နဲ့ စီးပွားရေး တပြေးညီ ဖွံ့ဖြိုးမှ ဖြစ်မှာဖြစ်တဲ့အတွက် ဒီလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နိုင်ငံတကာ အကူအညီ၊ မိတ်ဆွေ မွတ်ဆလင် နိုင်ငံတွေက ထောက်ပံ့မှုတွေနဲ့အတူ လူမျိုး/ဘာသာ မခွဲ အစိုးရ၊ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ နိုင်ငံရေးပါတီတွေက သမာသမတ်ကျကျ ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီသဘောကို ခု လက်ရှိ သမ္မတလည်း သဘောတူတယ်လို့ သူရဲ့ ဗွီအိုအေ အင်တာဗျူး အရ ယူဆရပါတယ်။ အရင်ခေတ်စစ်အစိုးရ လက်ထက် ကျင့်သုံးခဲ့တဲ့ ရိုဟင်ဂျာတွေကို ပညာသင်ကြားခွင့်၊ ကျန်းမားရေး စောင့်ရှောက်ခံယူခွင့်၊ အိမ်ထောင်ပြုခွင့်၊ ကိုယ်ဝန်ဆောင်ခွင့်၊ ကလေးမီးဖွားခွင့်၊ ခရီးသွားလာခွင့် ကန့်သတ် စတဲ့ အမျိုးမျိုးဖိနှိပ်မှုတွေ၊ ပြည်မက ရာဇဝတ်သားဟောင်းတွေကို အဲ့ဒေသတွေမှာ စံပြကျေးရွာဆိုပြီး အတင်း တည်ထောင်၊ ထောက်ပံ့မှုမျိုးစုံ ပုံအောပေး၊ အစိုးရ အရာရှိ ဗိုလ်ချုပ်ကြီးတွေ ချောင်းပေါက်မတတ်သွားပြီး မညီမျှတဲ့ သဘောထားတွေနဲ့ ရပ်ရွာဒေသ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်မှုတွေဟာ ဒီ ရိုဟင်ဂျာ ပြဿနာ ကို မီးဆက်တောက်စေတဲ့ သဘောတွေသာ ဖြစ်တယ်ဆိုတာ လက်ခံသဘောပေါက်ပြီး လူ့ကျင့်ဝတ်၊ သိက္ခာ

References

Related documents